ကာလို အန်ဆယ်လော့တီ ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် မကြာခင်မှာ ဘရာဇီးလ် လက်ရွေးစင် အသင်းကို စတင် ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ လာမယ့် လမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေက စပြီး ဘရာဇီးလ် အသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီက ခြေစစ်ပွဲတွေ ကစားဖို့ အတွက် ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ ကစားသမား ၂၆ ဦး စာရင်း ကြေညာခဲ့ပြီး အဲဒီ အထဲမှာတော့ အသင်းခေါင်းဆောင်ဟောင်း နေမာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အီတလီလူမျိုး နည်းပြကြီးက နေမာကို လူစာရင်းမှာ ထည့်သွင်း မရွေးချယ်ခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ၎င်းရဲ့ အစီအစဉ်ထဲ မှာတော့ နေမာ ပါဝင်နေကြောင်း ဘရာဇီးလ် ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။
ဘရာဇီးလ်ဟာ လာမယ့် ဇွန်လမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ အဖြစ် အီကွေဒေါ၊ ပါရာဂွေး တို့နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အန်ဆယ်လော့တီ ကလည်း ရီယိုဒီဂျနေရိုးကို သွားရောက် ပူးပေါင်းထားပြီ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက ဘရာဇီးလ် နည်းပြ ရာထူးကို လက်ခံပြီးနောက် သူ့ရဲ့ ပထမဦးဆုံး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီက “ကမ္ဘာ့အကောင်းဆုံး အမျိုးသား အသင်းကို ဦးဆောင်ခွင့် ရတာက ဂုဏ်ယူစရာပါ။ ဘရာဇီးလ်ဟာ ချန်ပီယံ ပြန်ဖြစ်ချင်နေပြီ ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် ချစ်ခင်မြတ်နိုးမှု များစွာ ရရှိခဲ့ပါတယ်။ ကျွန်တော် အရမ်းကောင်းအောင် လုပ်နိုင်မယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ကို ဒီကို ခေါ်ဆောင်လာပေးဖို့ အတွက် ဘရာဇီးလ် ဘောလုံး အဖွဲ့ချုပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ညှိနှိုင်းပေးခဲ့ပြီး ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လာမယ့် ပြိုင်ပွဲမှာ ဘရာဇီးလ်ရဲ့ အဓိက ပြိုင်ဘက်က ဘယ်အသင်း ဖြစ်လာမလဲလို့ မေးမြန်းမှု ကိုလည်း အန်ဆယ်လော့တီက အခုလိုပဲ ဟောကိန်းထုတ်သွားခဲ့ပါတယ်။ “ဘောလုံးမှာ ခေတ်တွေနဲ့ မျိုးဆက်တွေ ကွဲပြားခြားနားပါတယ်၊ ဒါတွေက ရလဒ်တွေကို သက်ရောက်မှု ရှိစေနိုင်ပါတယ်။ အီတလီနဲ့ ဘရာဇီးလ် တို့ဟာ လာမယ့်နှစ်မှာ အဓိက ယှဉ်ပြိုင်ကြရမယ်လို့ ယုံကြည်ပါတယ်။ အီတလီဟာ တကယ်ကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပြီး ဘရာဇီးလ် ကလည်း အမြဲတမ်း မြင့်မားတဲ့ အဆင့်မှာ ရှိနေခဲ့ပါတယ်။ ဥပမာအားဖြင့် ဘရာဇီးလ်ဟာ ၁၉၈၂ ခုနှစ်မှာ အကောင်းဆုံး အသင်းလို့ ဆိုနိုင်ပေမယ့် အောင်မြင်ဖို့ အတွက် အရည်အချင်းတွေကို အခြေခံပြီး ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ကို ပေါင်းစည်းနိုင်ခဲ့တဲ့ အီတလီက အနိုင်ရခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ လက်ရွေးစင် အသင်းနဲ့ တစ်နှစ်ကြာ ဝေးကွာနေတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း ကက်စ်မဲရိုးကို ပြန်လည် ခေါ်ယူခဲ့ပေမယ့်လည်း ပေါင်ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတဲ့ နေမာ ကိုတော့ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် နောက်ဆုံး ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။
လူစာရင်းမှာ နေမာ မပါဝင်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ မေးမြန်းရာမှာတော့ အန်ဆယ်လော့တီက “သူဟာ ဘောလုံး ကစားဖို့ ဘရာဇီးလ်ကို ပြန်လာပြီး ကမ္ဘာ့ဖလား အတွက် ကောင်းကောင်း ပြင်ဆင်ထားပါတယ်။ ကျွန်တော် သူ့ကို ရှင်းပြဖို့ အတွက် ဖုန်းခေါ်ခဲ့ပြီး သူလည်း ကျွန်တော် တို့နဲ့ သဘောတူခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
ဘရာဇီးလ် လက်ရွေးစင် အသင်း ကတော့ လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန်ရဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဘရာဇီးလ်ဟာ ဇယားထိပ်က အာဂျင်တီးနားနဲ့ ၁၀ မှတ် ကွာဟနေပြီးတော့ အဆင့် ၇ နေရာက ဗင်နီဇွဲလားနဲ့ ၆ မှတ်သာ ကွာဟနေပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီက ဘရာဇီးလ် လက်ရွေးစင် အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်လျက် ရှိပါတယ်။
ဘရာဇီးလ် လူစာရင်း: အလီဆွန်၊ ဘန်တို၊ ဟူဂို ဆူဇာ၊ အဲလက်စ် ဆန်ဒရို၊ ဒန်နီလို၊ လီယို အော်တစ်ဇ်၊ ဝက်စ်လေ၊ အလက်ဆန်ဒရို၊ လူးကပ်စ် ဘာရဲလ်ဒို၊ ကားလို့စ် အောဂတ်စတို၊ ဗန်ဒါဆန်၊ ပါရဲရား၊ အန်ဒရေ ဆန်းတို့စ်၊ ဘရူနို ဂီမာရေးစ်၊ ကက်စ်မဲရိုး၊ အီဒါဆင်၊ ဂါဆန်၊ အန်တိုနီ၊ အက်စတီဗို၊ ဂါဘရီရယ် မာတီနယ်လီ၊ မားသီးယက်စ် ကူညာ၊ ရာဖင်ညာ၊ ရစ်ချာလီဆင်၊ ဗင်နီးစီးယပ်စ် ဂျူနီယာ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.