ပြင်သစ် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာ ကတော့ မန်ချက်စတာယူနိုက်တက်ဟာ ကြိုတင်ခန့်မှန်းလို့ မရပဲ တစ်ရက်မှာ အိပ်မက်တွေ မက်ခိုင်းပြီးရင် နောက်တစ်ရက်မှာ သင့်ရဲ့ နှလုံးသားကို ကွဲကြေစေလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အီဗရာက နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်ကို အချိန်ပိုပေးပြီး စိတ်ရှည် သည်းခံကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ထားပြီး ရလဒ်ဆိုး အောက်ကနေ ရုန်းထွက်နိုင်ခြင်း မရှိသေးပါဘူး။
ဒီအချိန်မှာ ယူနိုက်တက် နောက်ခံလူဟောင်း အီဗရာက အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူး တစ်ခုမှာ အီဗရာက “ယူနိုက်တက်နဲ့ ပတ်သက်ရင် ဘယ်တော့မှ ကြိုတင် ခန့်မှန်းလို့ မရပါဘူး။ တစ်ရက်မှာ သူ့တိုက သင့်ကို အိပ်မက်တွေ မက်ခိုင်းပြီး နောက်တစ်ရက် မှာတော့ သင့်နှလုံးသားကို ကွဲကြေစေပါလိမ့်မယ်။ ဒါပေမဲ့ အရင်ကလို တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ ကစားသမားတွေက အသင်း တံဆိပ် အတွက် အသက်ပေးကစားတဲ့ စိတ်ဓာတ်မျိုး ပြန်ရလာရင် သူတို့က လူတွေကို အံ့အားသင့်စေနိုင်ပါတယ်။ အဓိကက ခြေစွမ်း တည်ငြိမ်မှုပဲ၊။ ဆိုရှယ်မီဒီယာ အပေါ်မှာ ဟန်ပြကစားနေတာမျိုး မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီဗရာက နည်းပြတွေကို အဆက်မပြတ် ပြောင်းလဲနေခြင်းက ကလပ်ရဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ရာသီသစ် အဖွင့် ပွဲစဉ်မှာ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် ၂၀၂၅-၂၀၂၆ ရာသီမှာ အသင်းဟောင်းဟာ ပြန်လည် အောင်မြင်လာပြီး လူတိုင်းကို အံ့အားသင့်စေလိမ့်မယ်လို့လည်း အီဗရာက ထောက်ခံ ပြောကြားခဲ့ပါတယ်။

“ဘောလုံးလောက ဆိုတာ တောနက်ကြီး တစ်ခုလိုပဲ။ ရလဒ်တွေ မကောင်းရင် နည်းပြက အမြဲတမ်း ပထမဦးဆုံး ထွက်သွားရတယ်။ ဒါပေမဲ့ စဉ်းစားကြည့်လေ။ စားဖိုမှူး ကိုပဲ ခဏခဏ ပြောင်းနေမယ် ဆိုရင် ဟင်းကောင်း တစ်ခွက်က ဘယ်တော့မှ အရသာရှိလာမှာ မဟုတ်ဘူး။ သူ့ကို အချိန်ပေးပါ။ ဒါပေမယ့် ယူနိုက်တက်မှာတော့ အချိန်ဆိုတာ အရမ်းပဲ တန်ဖိုးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
၂ဝ၂၄-၂၀၂၅ ဘောလုံးရာသီ ကတော့ မန်ချက်စတာယူနိုက်တက် အတွက် ဆိုးရွားလှတဲ့ ကာလ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ပြီး ဆုံးရှုံးမှု ကြီးမားခဲ့ရပါတယ်။ ဒီလို ရလဒ်ဆိုးတွေကို ပြုပြင်ဖို့ အတွက် နည်းပြ ရူဘင် အမော်ရင်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို အင်အားဖြည့်တင်းဖို့ လုံလောက်တဲ့ ခေါ်ယူမှုတွေ ပြုလုပ်ထားပါတယ်။ အမော်ရင်က အသင်း အတွက် အဓိက လိုအပ်နေတဲ့ တိုက်စစ်ပိုင်း အတွက် အဓိကထား ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီး မားသီးယက်စ် ကူညာ၊ ဘရိုင်ယန် အမ်ဘူမိုနဲ့ ဘင်ဂျာမင် ဆက်စ်ကို တို့ ၃ ဦး အတွက်တင် ပေါင်သန်း ၂၀၀ ကျော် သုံးစွဲထားပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ လန်ဒန် ကလပ်ပဲ ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု နှစ်ကြိမ်စလုံးမှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့ပေမယ့် အက်ဖ်အေဖလား မှာတော့ ပင်နယ်တီနဲ့ ရှုံးနိမ့်ထားပါတယ်။ ယူနိုက်တက် ပရိသတ်တွေ ကတော့ သူတို့ အသင်း အနေနဲ့ အာဆင်နယ်နဲ့ ပွဲက ခြေစွမ်းအတိုင်းသာ ကစားနိုင်ခဲ့ရင် ဖူလ်ဟမ်ကို အနိုင်ရဖို့ မခက်ဘူးလို့ တွက်ဆနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.