ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့် ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဒီပြင်သစ် တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက်လည်း နယူးကာဆယ်၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။
အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ အတွက် ပေါင် ၂၁၅ သန်း ဝန်းကျင် အသုံးပြုထားပြီး ဖြစ်ပါတယ်။ ဒီလို ခေါ်ယူမှုတွေ ပြုလုပ်ထားသည့်တိုင်အောင် လစ်ဗာပူးလ်က အထောင် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပြီး နယူးကာဆယ်က အိဆက်ခ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမယ့်လည်း အိဆက်ခ်ကို ခေါ်ယူရေးက မရေမရာ ဖြစ်နေချိန်မှာ ပရီးမီးယားလိဂ် ကလပ်ဟာ အသက် ၂၃ နှစ် အရွယ် ပြင်သစ် တိုက်စစ် ကစားသမား အစ်ကီတီကီကို ပြောင်းလဲ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ် လက်ရွေးစင်ကို လက်ရှိမှာ လစ်ဗာပူးလ်က အနီးကပ် စောင့်ကြည့်လျက် ရှိပြီး ဘွန်ဒက်စ်လီဂါ ကလပ် ဘက်တော့ ယူရို သန်း ၁ဝဝ (ပေါင် ၈၆ သန်း)အထိ တောင်းဆိုထားကြောင်း သိရပါတယ်။ ဖရန့်ဖတ်ဟာ အစ်ကီတီကီကို ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၆.၅ သန်း (ပေါင် ၁၄.၁ သန်း) နဲ့သာ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး ၂၀၂၉ ခုနှစ် အထိ ကာလရှည် စာချုပ်ချုပ်ဆိုထားပါတယ်။

ပြင်သစ် ကလပ် ရိုင်းမ်မှာ ကစားသမားဘဝ စတင်ခဲ့တဲ့ အစ်ကီတီကီက ပီအက်စ်ဂျီကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ပီအက်စ်ဂျီမှာ ကီလီယန် အမ်ဘာပေးက ခြေစွမ်းပြနေတာကြောင့် စုစုပေါင်း ၃၃ ပွဲ သာ ပွဲထွက်ခွင့် ရခဲ့ပြီး ၂၀၂၃-၂၄ ဘောလုံး ရသီမှာတော့ ဖရန့်ဖတ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဖရန့်ဖတ်ဟာ ပြင်သစ်သားကို ကနဦး အငှားနဲ့ အရင်ဆုံး ခေါ်ယူခဲ့ပြီးမှ ခြေစွမ်း အပေါ် မူတည်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစ်ကီတီကီဟာ ပြီးခဲ့တဲ့ ရာသီက ဖရန့်ဖတ် အတွက် ၄၈ ပွဲ ကစားရာမှာ ၂၂ ဂိုး သွင်းကာ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ အစ်ကီတီကီကို ခေါ်ယူရေး အတွက် ကြိုးပမ်းမှုဟာ နယူးကာဆယ်နဲ့ အိဆက်ခ်ရဲ့ အနာဂတ် အပေါ် မူတည်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်ဟာ အိဆက်ခ်ရဲ့ တန်ကြေးကို ပေါင် သန်း ၁၂ဝ သတ်မှတ်ထားတာကြောင့် ဒီအခြေအနေက လစ်ဗာပူးလ် အတွက် အဟန့်အတား တစ်ခု ဖြစ်နေပါတယ်။ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်ဟာ အစ်ကီတီကီရဲ့ နည်းစနစ်ပိုင်းနဲ့ အရည်အသွေးကို သဘောကျလျက် ရှိပြီး သူ့ လက်အောက်မှာ ထိပ်တန်း တိုက်စစ်မှူး အဖြစ် တိုးတက်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။
လက်တလော လစ်ဗာပူးလ်မှာ ဒါဝင် နူညက်ဇ်နဲ့ လူးဝစ္စ ဒီးယက်ဇ် တို့ရဲ့ အနာဂတ် မသေချာတော့ပါဘူး။ ဒါကြောင့် ဒီကစားသမား နှစ်ဦးသာ ထွက်ခွာခဲ့ရင် ရရှိလာတဲ့ ပြောင်းရွှေ့ကြေးကို အိဆက်ခ် သို့မဟုတ် အစ်ကီတီကီကို ခေါ်ယူရာမှာ လစ်ဗာပူးလ်တို့ ပြန်လည် အသုံးချနိုင်ဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.