ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ အနီကတ် ၃ ကြိမ် အထိ ပြသခံထားရပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အန်ဇို မာရက်စကာ ကတော့ အသင်းက အနီကတ် ပြစ်ဒဏ်တွေ ဆက်တိုက် ကြုံတွေ့နေရပေမယ့် စိုးရိမ်စရာ မရှိကြောင်း ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးဟာ နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲ အနက် ၃ ပွဲမှာ အနီကတ် ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ယူနိုက်တက်နဲ့ ပွဲမှာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်၊ ဘရိုက်တန်နဲ့ ပွဲမှာ နောက်ခံလူ ချာလိုဘာ၊ ဘင်ဖီကာနဲ့ ပွဲမှာ တိုက်စစ် ကစားသမား ယာအို ပက်ဒရို (နှစ်ဝါ တစ်နီ) တို့ အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အနီကတ် ပြသခံရတဲ့ ၃ ပွဲမှာ ချဲလ်ဆီးက ၂ ပွဲ ရှုံးနိမ့်ခဲ့ပြီး ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ ယာအို ပက်ဒရိုဟာ အနီကတ် ပြသခံခဲ့ရတာကြောင့်တော့ လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ အေဂျက်စ်နဲ့ ကစားမယ့် ပွဲစဉ် ကိုတော့ လွဲချော်တော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ အန်ဇို မာရက်စကာ ကတော့ ဒါဟာ ကစားသမားတွေရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာ မဟုတ်သလို၊ စိုးရိမ်ပူပန်စရာလည်း မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ မာရက်စကာက “အနည်းဆုံးတော့ အနီကတ် ပြခံရပြီးမှ ဘယ်လို အနိုင်ယူရမလဲ ဆိုတာ ကျွန်တော်တို့ သင်ယူနိုင်ခဲ့ပါပြီ။ ဒါက ပထမဆုံးပွဲပါ။ ၂ မိနစ်၊ ၃ မိနစ်လောက်ပဲ ကစားရပေမယ့်ပေါ့။ ဆန်းချက်ဇ်နဲ့ ချာလိုဘာ တို့က ဂိုးပေါက်ကို ကာကွယ်ရင်း ဖြစ်ခဲ့တာပါ။ တစ်ခါတစ်ရံမှာ ဂိုးပေးလိုက်ရတာ၊ အခွင့်အရေးပေးလိုက်ရတာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၁၁ ယောက်ချင်း ဆက်လက် ယှဉ်ပြိုင်နိုင်လို့ပါ။ ကျွန်တော့် အမြင်အရတော့ အနီကတ်တွေက စိုးရိမ် ပူပန်စရာ မရှိပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ရာသီအစပိုင်းမှာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ အတူ ရလဒ်တွေ ကောင်းခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဘရန့်ဖို့ဒ်နဲ့ သရေကျပြီးနောက် ဘေယန်မြူးနစ်ကို ၃-၁၊ မန်ချက်စတာယူနိုက်တက်ကို ၂-၁၊ ဘရိုက်တန်ကို ၁-၃ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ကြားမှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား တတိယအဆင့် ပွဲစဉ် မှာတော့ ချဲလ်ဆီးက လင်ကွန်းစီးတီးကို အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ရပါတယ်။ ဒီလို နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိနေပြီး ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၇ မှတ် ပြတ်တောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးက လာမယ့် စနေနေ့မှာတော့ လစ်ဗာပူးလ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပြီးတော့ ပွဲပယ်နဲ့ ဒဏ်ရာရကစားသမား စုစုပေါင်း ၈ ဦး အထိ ရှိနေပါတယ်။ ဒီပွဲကို လွဲချော်မယ့် ကစားသမားတွေ ကတော့ လီယမ် ဒီလက်ပ်၊ အက်ဆူဂို၊ ကိုးလ် ပါးလ်မား၊ ဖိုဖာနာ၊ တိုဆင်၊ ကိုးလ်ဝဲလ်၊ ဆန်းတို့စ်နဲ့ ချာလိုဘာ (ပွဲပယ်) တို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးက စတန်းဖို့ဒ်ဘရစ်ချ်မှာ လစ်ဗာပူးလ်နဲ့ နောက်ဆုံး တွေ့ဆုံကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ ကြိမ်မှာ ၃ ကြိမ်သာ အနိုင်ရထားပြီး ၆ ကြိမ် သရေ၊ ၆ ကြိမ် ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အိမ်ကွင်း တွေ့ဆုံမှု မှာတော့ ချဲလ်ဆီးက လစ်ဗာပူးလ်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.