အာဆင်နယ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နောက်ကျ Comeback ဂိုးတွေနဲ့ နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ အနိုင်ယူသွားခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ နောက်ဆုံး ၃ နှစ်ဆက်တိုက် စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရလဒ်ဆိုးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အငြင်းပွားဖွယ်ရာ ကိစ္စတွေနဲ့ အခက်အခဲတွေ ကြားက အနိုင်ရလိုက်တာကြောင့်လည်း ချိုမြိန်တဲ့ အနိုင် ၃ မှတ် ဖြစ်ခဲ့မှာ သေချာပါတယ်။
ဒါ့အပြင် ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နေတဲ့ လစ်ဗာပူးလ်တို့ ရှုံးပွဲ တွေ့ထားခဲ့တာကို အာဆင်နယ်တို့ အခွင့်ကောင်းယူနိုင်ခဲ့ပြီး ရမှတ်ကွာဟချက်ကို ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နည်းပြ ဖြစ်သူ မီခဲလ် အာတေးတား ကတော့ နိုင်ပွဲ ရယူခဲ့တဲ့ သူ့အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်အားရလျက် ရှိပြီး “ခြားနားတဲ့ အဆင့်ကို ရောက်သွားသလိုပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်က နယူးကာဆယ်ကို ဦးဆောင်ဂိုး မပေးရခင် ပွဲချိန် မိနစ် ၃၀ လောက်အထိ အကောင်းဆုံး ပုံစံနဲ့ မြင်တွေ့ခဲ့ရပါတယ်။ တိုနာလီ၊ ဂီမာရေ့စ်၊ ဂျိုးလင်တန် တို့လို ကစားသမားတွေ ပါဝင်နေတဲ့ နယူးကာဆယ် ကွင်းလယ်ကို အသာစီးရယူထားနိုင်ခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက် ၁၄ မိနစ်မှာ နယူးကာဆယ် ဂိုးသမား နစ်ခ် ပုပ် အနေနဲ့ ဗစ်တာ ယိုကီးရက်စ်ကို ဂိုးဧရိယာထဲ ဟန့်တားရာ ကနေ ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး နစ်ခ် ပုပ် ဘောလုံးထိတယ် ဆိုပြီး ပင်နယ်တီကို ပြန်လည် ပယ်ဖျက်သွားခဲ့ပါတယ်။ တော်တော်များများ ဆိုရင် ကွင်းလယ်ဒိုင် VAR ပြန်ကြည့်တာကို နစ်ခ် ပုပ်ကို အနီကတ် ပြဖို့ သွားကြည့်တယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း အာဆင်နယ်တို့ ပရီးမီးယားလိဂ် ဒိုင်တွေနဲ့ အကျိုးမပေးမှုကို ထပ်မံ မြင်တွေ့ခဲ့ရပါတယ်။
ပွဲချိန် ၃၄ မိနစ်မှာတော့ ဂါဘရီရယ်ရဲ့ ပေါ့ဆမှု ကနေ နစ်ခ် ဝေါလ်တီမာဒီက ခေါင်းတိုက်ကာ နယူးကာဆယ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အာဆင်နယ်တို့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် နယူးကာဆယ်တို့ ထုံးစံအတိုင်း မာမာထန်ထန်နဲ့ ခံစစ် ပိတ်ကစားမှုကြောင့် အလုပ်မဖြစ်ပဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့် အာတေးတားက မာရင်နို၊ အိုဒီဂတ် တို့ကို ထည့်ပြီး Fully Attack ပုံစံမျိုးနဲ့ ဂိုးရဖို့ ကြိုးပမ်းခဲ့ချိန် မှာတော့ အလုပ်ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။
ဒီနေရာမှာ နောက်ထပ် ချီးကျူးရမယ့် အခြေအနေတစ်ခုက နည်းပြ မီခဲလ် အာတေးတား တစ်ယောက် အရင်လို ခေါင်းမမာတော့တာ ဖြစ်ပါတယ်။ လူစားအပြောင်းအလဲတွေ ပြုလုပ်ပြီးချိန် မှာတော့ အာဆင်နယ်က နယူးကာဆယ်ရဲ့ ဂိုးဧရိယာ ပတ်ပတ်လည် ကနေ တောက်လျောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာတော့ အာဆင်နယ်တို့ သူတို့ အားသန်တဲ့ set piece ကနေ ဂိုးရအောင် ယူနိုင်ခဲ့ပြီး ဒီကလန် ရိုက်စ်ရဲ့ Short Corner ပေးပို့မှုကို မီခဲလ် မာရင်နိုက လှလှပပပဲ ခေါင်းတိုက်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ၉၀+၆ မှာလည်း မာတင် အိုဒီဂတ်ရဲ့ ထောင့်ကန်ဘောကို နယူးကာဆယ် နောက်ခံလူတွေ ဖိထား ကပ်ထားတဲ့ ကြားက ဂါဘရီရယ်က သူ့ရဲ့ အားပါ ပြင်းထန်တဲ့ trademark ခေါင်းတိုက်ချက်နဲ့ အာဆင်နယ် အတွက် အဖိုးတန် အနိုင်ဂိုးကို ရယူပေးသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာတေးတားက “အနိုင်ရဖို့ အတွက် ကျွန်တော်တို့ လုပ်ရမယ့် ပုံစံအတိုင်း လုပ်ခဲ့တာပါ။ ဘယ်လို ခံစားချက်မျိုးလဲ။ ဘောလုံးဆိုတာ စိတ်ခံစားမှုနဲ့ ဖြတ်သန်းရတဲ့ အရာတွေဖြစ်ပြီး ဒီနေ့တော့ ပွဲအပြီးမှာ လှပတဲ့ နိုင်ပွဲတစ်ပွဲ ရခဲ့ပါတယ်။”

“ကျွန်တော် တို့ရဲ့ ကစားပုံနဲ့ ပြိုင်ဆိုင်ပုံနဲ့ အခွင့်အရေးတွေ ဖန်တီးမှုတွေအရ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ တော်တော်လေး ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရမယ့် နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီနေရာမှာ ပြောစရာ ရှိတာက ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဆိုင်နေတဲ့ ၃ သင်းမှာ ဘယ်အသင်းရဲ့ ခြေစွမ်းက အတည်ငြိမ်ဆုံး အားရစရာ အကောင်းဆုံးလဲ ဆိုတာပါ။ ယေဘုယျအားဖြင့်တော့ အာဆင်နယ် လို့ပဲ ဖြေရပါမယ်။ အာဆင်နယ်က တချို့ပွဲတွေမှာ စွမ်းဆောင်ရည် သိပ်မထွက်တာ အပြင် နည်းပြရဲ့ နည်းစနစ်ပိုင်း အတွေးချော်မှုတွေနဲ့ အားနည်းချက် ခပ်သေးသေးလေးတွေကြောင့် ပေးဆပ်မှု ကြီးမားရတတ်တဲ့ အသင်း ဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ ဒါပေမယ့် ဒီနှစ် အာဆင်နယ်က အနည်းငယ် ထူးခြားနေတာ သတိထားမိမှာပါ။ ပွဲမပြီးသေးသ၍ မရှုံးဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ ပွဲတိုင်းကို ကစားနေပါတယ်။ ဒါကို ရှေ့ပွဲတွေမှာရော အခု နယူးကာဆယ်နဲ့ ပွဲမှာပါ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါလိမ့်မယ်။
နောက်ပြီး အာတေးတားရဲ့ ခေါင်းမမာမှုနဲ့ အသင်းသားတွေကို ပေးတဲ့ Passion ပါ။ တချို့ နည်းပြတွေ ဆိုရင် အသင်း တိုင်ပတ်နေချိန်မှာ စိတ်ဓာတ်ကျတဲ့ အမူအရာနဲ့ ထိုင်ခုံမှာ ထိုင်နေတတ်ပေမယ့် အာတေးတား ကတော့ ကွင်းဘေးမှာ ပြေးလွှားရင်း စိတ်အားထက်သန်စွာနဲ့ ရလဒ်ကောင်း တစ်ခု ဘယ်လို ယူရမလဲ ဆိုတာ အဖြေရှာနေတတ်တာ တွေ့ရပါတယ်။ ဒါက ကလော့ပ်၊ ဂွါဒီယိုလာ တို့လို ထိပ်တန်း နည်းပြကြီးတွေမှာ မြင်ရတတ်တဲ့ Manners တစ်ခုပါပဲ။ ထားပါ။ ဒီတော့… လက်ရှိ ပရီးမီးယားလိဂ်မှာ ဆိုရင် အာဆင်နယ်က အတည်ငြိမ်ဆုံး ဖြစ်နေပြီး မန်စီးတီး ကလည်း အရင်လို သူတို့ရဲ့ ပုံစံကောင်း တစ်ခု ပြန်ရလာတာ တွေ့ရပါတယ်။ လစ်ဗာပူးလ် ကတော့ ကစားသမားသစ်တွေနဲ့ အထိုင်ကျဖို့ အချိန်ယူရဦးမှာ ဖြစ်တာကြောင့် မနှစ်ကလောက် မဟုတ်တော့ပါဘူး။ ဒါပေမယ့် သူတို့ကလည်းပဲ ငါတို့ရဲ့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားနေတာ ဖြစ်လို့ လုံးဝ လျှော့တွက်လို့ မရပါဘူး။ လောလောဆယ်တော့ လစ်ဗာပူးလ်က အာဆင်နယ်ကို ၂ မှတ်၊ မန်စီးတီးကို ၅ မှတ် ဖြတ်ထားပြီး အာဆင်နယ်နဲ့ မန်စီးတီး ကြားမှာလည်း ၃ မှတ်သာ ကွာဟနေလို့ စောင့်ကြည့်ရဦးမှာပါ။ နောက်ပြီး ဒီနှစ်မှာ ပဲလေ့စ်၊ ဘရိုက်တန်၊ ဆန်းဒါးလန်၊ ဘုန်းမောက်၊ အဲဗာတန် တို့လို အသင်းငယ်တွေ ကလည်း လျှော့တွက်လို့ မရတော့တာကြောင့် ချန်ပီယံ ပြေးလမ်းပေါ်မှာ မှားရင် မှားတဲ့ အသင်းက ပေးဆပ်မှု ကြီးမားပါလိမ့်မယ်။ သေချာတာ ကတော့ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေက ပရိသတ်တွေရဲ့ စိတ်အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ဦးမှာ ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.