ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကစားသမားဟောင်း ဂါဘီ အဘွန်လဟော် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အပေါ် ဝေဖန်သုံးသပ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အဘွန်လဟော်က ပေါ်တူဂီ ကွင်းလယ် ကစားသမားဟာ သူ့ရဲ့ အကောင်းဆုံး အချိန်တွေကို ယူနိုက်တက်မှာ အလဟဿ ဖြစ်စေခဲ့တယ်လို့ talkSPORT ရဲ့ အစီအစဉ် တစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ကစားသမား အဖြစ် ဖြတ်သန်းနေသူတွေ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သုံးသပ်လေ့ ရှိတဲ့ အဘွန်လဟော်က ဖာနန်ဒက်စ်နဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားခဲ့တာပါ။ “သူ့ရဲ့ အသက်က လာမယ့် စက်တင်ဘာလမှာ ၃၁ နှစ် ပြည့်တော့မှာပါ။ တကယ်လို့ သူသာ နောက်ရာသီမှာ ဘာဆုမှ မရပဲ အနားယူလိုက်ရတယ် ဒါမှမဟုတ် ယူနိုက်တက် ကနေ ထွက်သွားမယ် ဆိုရင် သူ့မှာ အက်ဖ်အေဖလား တစ်လုံးနဲ့ ခရာဘောင်းဖလား တစ်လုံးပဲ ရှိပါလိမ့်မယ်။ ကျွန်တော် ကတော့ သူ့ရဲ့ အကောင်းဆုံး နှစ်တွေကို ဒီအသင်းမှာပဲ အလဟဿ ဖြစ်စေခဲ့တယ်လို့ ထင်တယ်။ နောက်ဆုံး ယူရိုပါလိဂ် ဖလား ရခဲ့တယ် ဆိုရင်တောင်မှ အတူတူပါပဲ။” လို့ အဘွန်လဟော်က ဆိုပါတယ်။

ဘရူနို ဖာနန်ဒက်စ် ကတော့ မကြာခင်မှာ အသက် ၃၁ နှစ် ပြည့်တော့မှာ ဖြစ်ပြီး ကစားသမား ဘဝ နေဝင်ချိန်ကို တဖြည်းဖြည်း ဝင်ရောက်နေပြီလည်း ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီက စပိုတင်းလစ္စဘွန်း ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ပေါ်တူဂီ ကွင်းလယ် ကြယ်ပွင့်ဟာ ယူနိုက်တက်မှာ ၅ နှစ်တာ ဖြတ်သန်းထားပေမယ့်လည်း အသင်းနဲ့ အတူ ပြည်တွင်း ဆုဖလားတွေ ဖြစ်တဲ့ အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလား တို့ကိုသာ ရယူထားနိုင်ပါတယ်။ ဖာနန်ဒက်စ်ဟာ အသင်းကို ရောက်လာချိန် ကတည်းက လက်ရှိအချိန်ထိ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေခဲ့သလို အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ်ဟာ အသင်း အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၇၈ ပွဲ ကစားထားခဲ့ပြီး ၉၅ ဂိုး သွင်းယူပေးထားသလို ၈၂ ဂိုး အထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီသား ကတော့ ပြီးခဲ့တဲ့ နှစ်ကပဲ အသင်းနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ထားပေမယ့် သူ့ကိုတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ဒီနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်ဟာ အခု တစ်ပတ် လိုင်ယွန်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ကစားရဖို့ ရှိနေပြီးတော့ ပြိုင်ဘက်ဟာ လက်ရှိမှာ ပုံစံကောင်း ရနေတာကြောင့် လွယ်ကူဖို့တော့ မရှိပါဘူး။ ဒါ့အပြင် ယူနိုက်တက်ဟာ လိုင်ယွန်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် နောက်တစ်ဆင့်မှာ ဘီလ်ဘာအို သို့မဟုတ် ရိန်းဂျားစ်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွာတားဖိုင်နယ် အဆင့် အထိ လက်ကျန် အသင်းတွေထဲမှာ စပါး၊ ဖရန့်ဖတ်၊ လာဇီယို၊ ဘိုဒို ဂလင့်မ် တို့လို ခက်ခဲတဲ့ အသင်းတွေနဲ့လည်း ရင်ဆိုင်ရဖွယ် ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း နည်းပြ ရူဘင် အမော်ရင် ကတော့ ဒီရာသီကို ဆုဖလား တစ်လုံးနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားဆဲပါ။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် မှာတော့ ပွဲစဉ် ၃၁ ပွဲ ကစားပြီးချိန် အထိ ၁၀ ပွဲနိုင်၊ ၈ ပွဲ သရေ၊ ၁၃ ပွဲ ရှုံးပြီး ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.