အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ အဖွင့် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ကျဉ်းမြောင်းတဲ့ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ဝေဖန်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ အနိုင်ရလဒ်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်း မှာတော့ တော်တော်လေး ဆိုးရွားခဲ့ပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာရလိမ့်ဦးမယ်လို့ ကြိုတင်ခန့်မှန်းမှုတွေလည်း ရှိနေတာပါ။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ ဒုတိယ နေရာနဲ့သာ အဆုံးသတ်ထားခဲ့ရသလို ၅ နှစ်တာ ကာလ အတွင်းမှာလည်း အဓိက ဆုဖလားတွေ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အခုရာသီက နည်းပြ မီခဲလ် အာတေးတားနဲ့ အာဆင်နယ်ရဲ့ ဆုဖလား မျှော်လင့်ချက်တွေ အတွက် အမှားခံလို့ မရတော့တဲ့ ရာသီ ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ အာဆင်နယ်တို့ ဆုဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ဖို့ အတွက် ဘာတွေ ပြင်ဆင်ဖို့ လိုအပ်နေသလဲ ဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။
အဆုံးသတ် သေချာတဲ့ တိုက်စစ် လိုအပ်ခြင်း
ဒီအချက် ကတော့ အာဆင်နယ် အတွက် အသိသာ အထင်ရှားဆုံး ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ အထောင်တိုက်စစ်မှူးစစ်စစ် မရှိခဲ့တာကြောင့် အဆုံးသတ်ပိုင်းမှာ တော်တော်လေး အားနည်းခဲ့ပါတယ်။ အသင်းရဲ့ နေရာစုံက ကစားသမားတွေ ဂိုးသွင်းနိုင်တာကြောင့် ဂန်းနားတို့ လိုအပ်နေတဲ့ ဂိုးတွေ ရရှိခဲ့ပေမယ့် ချန်ပီယံဆု မျှော်လင့်ချက် အတွက်တော့ မလုံလောက်ခဲ့ပါဘူး။
ဒါကြောင့် အာဆင်နယ် တာဝန်ရှိသူတွေက ဒီနွေရာသီမှာ ဗစ်တာ ယိုကီးရက်စ်လို ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း သွင်းဂိုး ၉၀ ကျော် ရရှိခဲ့တဲ့ တိုက်စစ်မှူးကောင်း တစ်ဦးကို အရ ခေါ်ယူပေးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြဿနာက အာဆင်နယ်ဟာ ယိုကီးရက်စ် ဦးဆောင်တဲ့ တိုက်စစ် အတွက် ထိရောက်တဲ့ တိုက်ရိုက်ပေးပို့မှုတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိနေသေးသလို ဆွီဒင်သား ကလည်း လိဂ်နဲ့ အသားကျဖို့ အချိန်ယူနေရပါသေးတယ်။ ဒါကို ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲမှာ အထင်ရှားဆုံး မြင်တွေ့ခဲ့ရပါတယ်။
အဲဒီပွဲမှာ ဆိုရင် ယိုကီးရက်စ်က ဂိုးပေါက် ကန်ချက် တစ်ကြိမ်မှ မရှိခဲ့သလို ပြိုင်ဘက် ဂိုးဧရိယာထဲမှာ ဘောလုံးထိချက် ၃ ကြိမ်၊ တစ်ပွဲလုံးမှ ဘောလုံး ထိချက် ၂၁ ကြိမ်၊ ဘောလုံး ပေးပို့မှု ၄ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါက တိုက်စစ်မှူး တစ်ဦး အတွက် တော်တော်လေး ဆိုးရွားတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ဒီအခြေအနေ အတွက် မီခဲလ် အာတေးတား အနေနဲ့ အစီအစဉ်ကောင်း ရှိနေမယ်လို့တော့ ထင်ပါတယ်။ ကိုင် ဟာဗက်ဇ်ရဲ့ တိုးတက်လာတဲ့ ကစားပုံကြောင့်တော့ တချို့သော အချိန်တွေမှာ လိုအပ်နေတဲ့ သွင်းဂိုးတွေ အတွက် ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် Clinical ဖြစ်တဲ့ တိုက်စစ်ကို ပိုင်ဆိုင်နိုင်ဖို့က အာဆင်နယ် အတွက် နံပါတ် ၁ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စ ဖြစ်ပါတယ်။
Open Play ကနေ ပိုမို ဖန်တီးနိုင်ခြင်း

အာဆင်နယ်ဟာ Set Piece တွေ ကနေ ဂိုးရယူနိုင်စွမ်းက အားရစရာပါ။ ဒါပေမယ့်လည်း Set Piece တွေက အလွန်အကျွံ အားကိုးနေခြင်း ကလည်း အမြဲတမ်း ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ အာဆင်နယ်ဟာ Open Play တွေ ကနေ ဖန်တီးနိုင်မှုမှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။ အာဆင်နယ်က ဝေဟင်စိုးမိုးမှု၊ ပါးနပ်နဲ့ တိုက်စစ် လမ်းကြောင်းတွေ ဖန်တီးရာမှာ အားကောင်းပါတယ်။ ဒါပေမယ့် ခံစစ်ကို နှစ်ဆင့် ကာတတ်တဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ရင် အာဆင်နယ်ရဲ့ တောင်ပံတွေက အလုပ်မဖြစ်တော့ပါဘူး။
ယူနိုက်တက်နဲ့ ပွဲမှာ ဆိုရင် ဆာကာ၊ အိုဒီဂတ်တို့ လှုပ်မရခဲ့တဲ့၊ မဖြတ်ကျော်နိုင်ခဲ့တဲ့ အခိုက်အတန့်တွေ အများကြီး မြင်တွေ့ခဲ့ရပါတယ်။ ဒီတော့ အာဆင်နယ်တို့ မလိုအပ်ပဲ အမှတ်တွေ မဆုံးရှုံးရဖို့ ဆိုရင်တော့ Open Play ကနေ ပိုမို ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ အဓိက ပြိုင်ဘက်တွေက Open Play တွေ ကနေ ဂိုးတွေ ရနေချိန်မှာ အာဆင်နယ်တို့ ဒီလို လိုက်မလုပ်နိုင်ဘူး ဆိုရင်တော့ ကျစ်လျစ်တဲ့ ခံစစ် ပိုင်ဆိုင်ထားရုံနဲ့ ၃ မှတ် အပြည့် ယူနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။
ဒဏ်ရာ ပြသနာတွေ အပေါ် စီမံခန့်ခွဲနိုင်ခြင်း
ဒီအချက် ကတော့ အထွေအထူး ပြောဖို့တောင် လိုမယ် မထင်ပါဘူး။ အာဆင်နယ်တို့ ပြီးခဲ့တဲ့ ရာသီတွေမှာ ချန်ပီယံဆုတွေနဲ့ လွဲချော်ခဲ့ခြင်းရဲ့ အဓိက တရားခံက ဒဏ်ရာပြဿနာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆိုရင် အာဆင်နယ်က ဂါဘရီရယ်၊ ဘူကာယို ဆာကာနဲ့ ကိုင်ဟာဗက်ဇ် တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ပြေးလမ်းပေါ် ကနေ သွေဖယ်သွားခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။ နောက်ပြီး မီခဲလ် အာတေးတားက သူ့စိတ်ကြိုက် ကစားသမားတွေ ဆိုရင် အလွန်အကျွံ သုံးစွဲတတ်တာကြောင့် ကစားသမားတွေ အနေနဲ့ လိုအပ်တာထက် ပွဲပိုပန်းရတဲ့ အခြေအနေမျိုး ကိုလည်း ရှောင်ရပါမယ်။ ပြီးတော့ အာဆင်နယ်က ပရီးမီးယားလိဂ်မှာ စတုတ္ထမြောက် ဒဏ်ရာရကစားသမား အများဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ဒီရာသီ မှာတော့ လူစာရင်း တောင့်တင်းနေပြီ ဖြစ်တာကြောင့် ဒီပြဿနာ ကိုတော့ အာဆင်နယ် အနေနဲ့ အလွယ်တကူ ကျော်ဖြတ်နိုင်မယ် ထင်ပါတယ်။
မာတင် အိုဒီဂတ် အရင် ခြေစွမ်း ပြန်လည် ရရှိဖို့ လိုအပ်နေခြင်း
မာတင် အိုဒီဂတ်က အာဆင်နယ် အတွက် အလွန် အရေးပါတဲ့ ကစားသမားပါ။ နော်ဝေသားက ဘောလုံး ဖြန့်ဝေတာ၊ အခွင့်အရေး ဖန်တီးတာ၊ Final Third Zone ဆီ ပေးပို့တာတွေ အပြင် တိုက်စစ်ကို အကောင်းဆုံး လိုက်ပါကစားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားက ထူးထူးခြားခြား လုပ်ပြဖို့ ဆိုတာထက် အရင်လို ခြေစွမ်းနဲ့ ကစားဟန်မျိုး မရှိတာ ကြာနေပါပြီ။ ဒီပုံအတိုင်း ဆက်သွားရင်တော့ တိုက်စစ်က ယိုကီးရက်စ်လည်း ကြောင်ပျောက်နေဦးမှာပါပဲ။ မာတင် ဇူဘီမန်ဒီ ရောက်လာပြီး ရိုက်စ်နဲ့ တွဲဖက် ကစားတဲ့ အပိုင်းမှာ ပိုကောင်းလာပေမယ့် သွင်းဂိုးတွေ အတွက် ဆိုရင်တော့ အိုဒီဂတ်ရဲ့ ဖန်တီးမှုတွေကို ပိုပြီး မျှော်လင့်ရမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.