လာလီဂါ ကလပ် လီဗန်တေးရဲ့ ကင်မရွန်း တိုက်စစ်မှူး အတ်တာ အီယွန်း ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးမှာ ကစားခွင့်ရဖို့က မိမိရဲ့ အိပ်မက် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ အီယွန်းက ဒီနွေရာသီမှ ဗီလာရီးရဲလ် ကနေ လီဗန်တေးကို ၄ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု ဒီရာသီမှာ ခြေစွမ်းပြနေတာကြောင့် လာလီဂါ ထိပ်သီး ကလပ် နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က စောင့်ကြည့်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ် အစ ရှိတဲ့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ ကလည်း သူ့ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားကြောင်း စပိန် မီဒီယာတချို့က ဖော်ပြထားပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အက်တာ အီယွန်ဟာ လာလီဂါမှာ ကစားချင်တဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြီးတဲ့အခါ အနာဂတ်မှာ ပရီးမီးယားလိဂ် ကလပ် တစ်ခုနဲ့ ပူးပေါင်းချင်တယ်လို့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ အီယွန်းက “(ဘာစီလိုနာက စိတ်ဝင်စားခြင်း ခံရတာ) ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုက အကျိုးအမြတ်ရနေတာကို ပြသနေတာကြောင့် ဒါက အရမ်း အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် လီဗန်တေးနဲ့ ကျွန်တော့်ရဲ့ ခရီးကို ရှေ့ဆက်ရမှာဖြစ်ပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။”
“လာလီဂါမှာ ကစားဖို့ ကျွန်တော့်ရဲ့ အိပ်မက်ကို ကျွန်တော် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပြီး ကျွန်တော့်ရဲ့ နောက်ထပ် အိပ်မက် တစ်ခု ကတော့ တစ်နေ့မှာ ပရီးမီးယားလိဂ်မှာ ကစားဖို့ပါပဲ။ ပရီးမီးယားလိဂ်မှာ ကြီးပြင်းလာနိုင်တဲ့ အရည်အသွေး ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ရဲ့ စတိုင်လ်က အင်္ဂလိပ် ဘောလုံးနဲ့ လိုက်ဖက်တယ် လို့လည်း ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ကစားကွက်ကိုလည်း ချိတ်ဆက်ပေးနိုင်ပါတယ်။

“ပရီးမီးယားလိဂ် ပွဲတွေကို ကြည့်ရတာ နှစ်သက်ပါတယ်။ ကျွန်တော် အကြိုက်ဆုံး အချိန် ကတော့ Boxing Day ပွဲတွေပါ။ ကစားသမားတွေက အရာအားလုံးကို ၂၀၀ ရာခိုင်နှုန်း ပေးဆပ်တာကို မြင်နိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကျွန်တော် နှစ်သက်တာက ပွဲတိုင်းက အရေးကြီးတယ်လို့ ခံစားရတာပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက လီဗန်တေး အတွက်ပဲ ရှိပြီး တခြားသတင်းတွေ အားလုံးကို လျစ်လျူရှုထားပါတယ်။”
သူဟာ ငယ်စဉ်ကတည်းက သူ အမြဲတမ်းလိုလို ကြည့်ရှုခဲ့တဲ့ ချဲလ်ဆီး ကိုလည်း နှစ်သက်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အီယွန်းက “ချဲလ်ဆီးက ကျွန်တော် အများဆုံး စောင့်ကြည့်ပြီး ကြီးပြင်းလာခဲ့ရတဲ့ အင်္ဂလိပ် အသင်းပါ။ ဘာကြောင့်လဲဆိုတော့ ဒီဒီယာ ဒရော့ဂ်ဘာ ကြောင့် ဖြစ်ပါတယ်။ ပြီးတော့ အီတူးလည်း ကစားခဲ့ပါတယ်။ ချဲလ်ဆီးက အာဖရိက ကစားသမားတွေကို ခေါ်လေ့ ရှိတဲ့ အသင်းပါ။ ကျွန်တော်လည်း ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ချဲလ်ဆီးမှာ ကစားဖို့က ကျွန်တော့်ရဲ့ အိပ်မက် တစ်ခုပါ” လို့ ပြောကြားခဲ့ပါတယ်။
အီယွန်းဟာ လက်ရှိမှာ လာလီဂါ ကလပ် လီဗန်တေးနဲ့ ယူရို သန်း ၄၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။ ရောဘတ် လီဝမ်ဒေါစကီးဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် အသင်း ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါကြောင့် လာလီဂါ ထိပ်သီး တို့ဟာ ၂၀၂၆ ခုနှစ်မှာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူချင်နေပြီး အတ်တာ အီယွန်းကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒီရာသီမှာ အက်တာ အီယွန်းဟာ ၆ ဂိုး သွင်းယူထားတာကြောင့်လည်း သူ့ရဲ့ ခြေစွမ်းကို ဘာစီလိုနာတို့ အထူးသတိပြုမိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


