မိုဟာမက် ဆာလာ ကတော့ သူ့ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ဓားစာခံဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပြီးနောက် ဇန်နဝါရီမှာ အသင်း ကနေ ထွက်ခွာနိုင်ခြေ များပြားလာပါတယ်။ ၎င်းက တစ်ကိုယ်ကောင်းဆန်တယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူ့အပေါ်မှာ အပြစ်ပုံချခဲ့ကြတယ် လို့လည်း စနေနေ့ ညနေပိုင်းက ၇ မိနစ် ကြာမြင့်တဲ့ အင်တာဗျူးမှာ ဆာလာက ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုထားပါတယ်။
ဒါ့အပြင် အီဂျစ်သားက သူ့ အနေနဲ့ အသင်း နည်းပြ အာနေး ဆလော့တ်နဲ့ အစပိုင်းမှာ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပေမယ့် အခုတော့ ကျိုးပျက်ခဲ့ရပြီ ဖြစ်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ဆာလာဟာ လိဒ်စ်ယူနိုက်တက်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲ မှာလည်း အရန်ခုံသာ ထိုင်ခဲ့ရပြီး ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း တို့နဲ့ ပွဲတွေ အပါအဝင် ပရီးမီးယားလိဂ် ၃ ပွဲဆက် ပွဲထွက်ခွင့် မရခဲ့တာ ဖြစ်တယ်။
ဒီအခြေအနေ အပေါ် ဆာလာက မကျေမနပ် ဖြစ်နေပြီး သူဟာ တခြားသော ကစားသမားတွေထက် ပိုကောင်းတယ်လို့ မဆိုလိုပေမယ့် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် အတွက် နေရာ တစ်နေရာ အပိုင်ရနေရမယ့် ကစားသမား ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒီလို ပြောစကားတွေနဲ့ အတူ ဆာလာဟာ ဇန်နဝါရီမှာ အသင်း ကနေ ထွက်ခွာတော့မယ့် သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ဆာလာ အနေနဲ့ လာမယ့် တပတ် ဘရိုက်တန်နဲ့ အန်ဖီးလ်မှာ ကစား အပြီး အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို အီဂျစ် အတွက် ကိုယ်စားပြုပြီး သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဆာလာ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာမယ် ဆိုရင် ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေပါတယ်။ ဆာလာကို ခေါ်ယူဖို့ ထိပ်ဆုံးက သတင်းတွေ ထွက်နေတဲ့ အသင်းတွေက ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ် အစ်တီဟတ်နဲ့ အဲလ် ဟီလာ တို့ ဖြစ်ပါတယ်။ ဆာလာသာ လစ်ဗာပူးလ်နဲ့ လမ်းခွဲမယ် ဆိုရင် သူ့ကို ခေါ်ယူဖို့ အတွက် ဆော်ဒီပရိုလိဂ် အဖွဲ့ချုပ်က လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ကစားသမားရဲ့ လက်ရှိ အခြေအနေကို ဆော်ဒီပရိုလိဂ် အဖွဲ့ချုပ်က ဂရုတစိုက် စောင့်ကြည့်နေကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့ပြီး ဆော်ဒီပရိုလိဂ် အဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်း ကလည်း ဆာလာကို အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒီအချိန်က ဆာလာဟာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်းဖို့ မသေမချာဖြစ်ခဲ့ပေမယ့် ဧပြီလ အတွင်း မှာတော့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲလ်အစ်တီဟတ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဆာလာကို ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါပေမဲ့ ဆာလာနဲ့ ဆော်ဒီပရိုလိဂ်အဖွဲ့ချုပ် အကြားမှာ ဆက်ဆံရေးကောင်းတွေရှိနေဆဲ ဖြစ်ကြောင်း ဆာလာ ကိုယ်တိုင်က ဝန်ခံခဲ့ဖူးပါတယ်။ ဆော်ဒီ ကလပ်တွေဟာ ၂၀၂၂ ခုနှစ်က စတင်ပြီး ခရစ္စတီဘာနို ရော်နယ်ဒို အပါအဝင် ဥရောပဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတွေကို ဆက်တိုက် ခေါ်ယူနေပြီး ဆာလာကို ခေါ်ယူဖို့ အတွက်လည်း ဘဏ္ဍာရေး အလုံအလောက် ရှိတယ်လို့လည်း သိရပါတယ်။
ဆာလာ အတွက် နောက်ထပ် ဖြစ်နိုင်ချေ ရှိတဲ့ လားရာက တူရကီ ထိပ်သီး ဂါလာတာဆာရေး ဖြစ်ပါတယ်။ ဂါလာတာဆာရေးဟာ ယခင်က ဝက်စလေ ရှနိုက်ဒါ၊ ဒီဒီယာ ဒရော့ဂ်ဘာ၊ မူရို အီကာဒီ၊ ဖရန့်ခ် ရီဘာရီ၊ ဗစ်တာအိုဆင်မ်ဟန်၊ လီရွိုင်း ဆာနေး တို့လို နာမည်ကျော်တွေကို ခေါ်ယူခဲ့ဖူးတဲ့ အစဉ်အလာ ရှိပါတယ်။ ဆာလာ အနေနဲ့ ငွေကြေး တစ်ခုတည်းကြောင့် မဟုတ်ပဲ ဥရောပမှာ ဆက်လက် ဖြတ်သန်းချင်သေးတယ် ဆိုရင်တော့ တူရကီ ထိပ်သီး ကလပ်ကို ရွေးချယ်သွားနိုင်ပါတယ်။
နောက်ထပ် ဖြစ်နိုင်ချေ ရှိနေတဲ့ ကလပ်က မေဂျာလိဂ် အသင်းသစ် ဆန်ဒီယေဂို အက်ဖ်စီ ဖြစ်ပါတယ်။ ဒီကလပ် ကလည်း အချိန်တိုအတွင်း မေဂျာလိဂ်မှာ အောင်မြင်မှု လိုချင်နေတဲ့ အသင်း ဖြစ်ပြီး ဗြိတိန်-အီဂျစ် စွန့်ဦးတီထွင်သူ မိုဟာမက် မန်ဆော ပိုင်ဆိုင်တာကြောင့် လုံလောက်တဲ့ ငွေသုံးစွဲနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ နောက်ဆုံး ဖြစ်နိုင်ချေ ရှိတာ ကတော့ ဆာလာ တစ်ယောက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ပါ။ ပီအက်စ်ဂျီ ငွေသုံးနိုင်တာကိုတော့ အထွေအထူး ပြောစရာ မလိုပါဘူး။ နောက်ပြီး လီဂူးဝမ်း ကလပ်က ထိပ်တန်း ကစားသမားတွေ နေဝင်ချိန်နီးလာရင် ခေါ်ယူတတ်တဲ့ အလေ့အထ ရှိပါတယ်။ ဆာလာ အနေနဲ့ ကလည်း အပေါ်က အသင်းတွေထက် စာရင် ပီအက်စ်ဂျီက ဥရောပ ထိပ်တန်း ကလပ် ဖြစ်သလို ဆုဖလား အောင်မြင်မှုလည်း အာမခံချက် ရှိတာကြောင့် ပြင်သစ်မြို့တော် ကိုပဲ ရွေးချယ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


