မန်ချက်စတာစီးတီး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက် ပွဲစဉ်မှာ အဲလ်ဟီလာကို ၃-၄ ရလဒ်နဲ့ မထင်မှတ်ပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေသလို ပပ် ဂွါဒီယိုလာတို့ အုပ်စု ကလည်း ဖလား လက်မဲ့ ရာသီ အဖြစ် အဆုံးမသတ်ရဖို့ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ အားခဲထားကြတာပါ။ ဒါပေမယ့်လည်း အခုလို ထွက်ခွာရချိန်မှာတော့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက သူတို့ အသင်း ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကနေ ထွက်ခွာခဲ့ရတာက ချန်ပီယံလိဂ် ရှုံးထွက်ကနေ ထွက်ခွာခဲ့ရသလိုမျိုး ခံစားရကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
မန်စီးတီးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဆင့်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ရှုံးထွက်အဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ ရှုံးထွက် အဆင့်မှာတော့ အဲလ်ဟီလာကို အကြိတ်အနယ် ကစားခဲ့ရကာ ရှုံးနိမ့်ခဲ့ရပြီး သေချာပေါက် ဖလား လက်မဲ့နဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ရဖို့ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဘာနာဒို ဆေးလ်ဗား ကတော့ လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီမှာ သူတို့ အသင်း အကောင်းဆုံး ပြန်လာနိုင်မယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောကြားခဲ့ပေမယ့် ဒီရှုံးပွဲကြောင့် ဖြစ်လာတဲ့ ခံစားချက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရီးရဲလ်မက်ဒရစ်ကို ရှုံးပြီး ဥရောပ ပြိုင်ပွဲ ကနေ ထွက်ခဲ့ရသလိုမျိုး ခံစားနေရတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။
ဘာနာဒို ဆေးလ်ဗားက “ဟုတ်ကဲ့။ ဒါက ချန်ပီယံလိဂ်ကနေ ထွက် ရသလိုမျိုး နည်းနည်း ခံစားရပါတယ်။ ဘယ်သူမှ မရှုံးချင်ကြပါဘူး။ ပွဲစဉ် ဇယားတွေက အရမ်းကြပ်နေလို ကံမကောင်းစွာနဲ့ပဲ အားလပ်ရက် မရှိတာကို ကျွန်တော်တို့ ကျင့်သားရနေပါပြီ။ ဒါပေမယ့် ပြိုင်ပွဲ တစ်ခုထဲ ရောက်နေပြီ ဆိုရင် ကျွန်တော် တို့က အရမ်းကို အလေးအနက်ထားပြီး ကစားကြပါတယ်။ ဒီ ပြိုင်ပွဲ အတွက် ကျွန်တော် တို့မှာ မျှော်လင့်ချက် အကြီးကြီး ရှိခဲ့ပြီး ချန်ပီယံလည်း ဖြစ်ချင်ခဲ့ပါတယ်။ နောက် တစ်လနေလို့ ပရီးမီးယားလိဂ် စပြီ ဆိုရင်တော့ ဒီအကြောင်းတွေကို မေ့ပြီး ရာသီကောင်း တစ်ခု ပိုင်ဆိုင်နိုင်ဖို့ အာရုံစိုက်ရတော့မှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

နည်းပြ ဖြစ်တဲ့ ပပ် ဂွါဒီယိုလာ ကလည်း ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကနေ ထွက်ခွာခဲ့ရပြီးနောက် ပြိုင်ပွဲရဲ့ နောက်ဆက်တွဲ အဖြစ် လာမယ့် ရာသီမှာ ဘယ်လိုမျိုး သက်ရောက်မလဲ ဆိုတာတော့ မသိရသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ အသင်း အနေနဲ့ လာမယ့်ရာသီ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတော့ ရှိနေလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
ဂွါဒီယိုလာ အနေနဲ့ နည်းပြ ဘဝမှာ ယခင် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ် ၁၂ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီးတော့ ၁၁ ပွဲဆက် နိုင်ပွဲ ရရှိမှုလည်း ရပ်တန့်သွားခဲ့ပါတယ်။ ဒီပြိုင်ပွဲကြောင့် လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ အားသာသွားမလား ဆိုတဲ့ မေးခွန်း ကိုတော့ ဂွါဒီယိုလာက အခုလိုပဲ တုံပြန် ပြောဆိုခဲ့ပါတယ်။
“ဒီလို မထင်မိစေဖို့ ကျွန်တော် ကြိုးပမ်းမှာပါ။ ဒါမှမဟုတ်ရင်တော့ ကျွန်တော် စိုးရိမ်သောက ရောက်သွားလိမ့်မယ်။ ဂျူဗင်တပ်စ်နဲ့ ပွဲက ကစားပုံကို ကျေနပ်ပြီး ကျွန်တော်တို့ အနိုင်ယူနိုင်မယ် ထင်ခဲ့တယ်။ ဒါပေမဲ့ အရေးအကြီးဆုံး အရာက ကျွန်တော်တို နောက်ထပ် တစ်ကြိမ် ထပ်လုပ်နိုင်မယ်လို့ အာရုံပြုထားရပါမယ်။ ကျွန်တော် တို့ဟာ ဘောလုံးနဲ့ အတူ၊ ဒါမှမဟုတ် ဘောလုံး မပါဘဲနဲ့ Aggressive ဆန်ဆန် ကစားနိုင်တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ ပြိုင်ပွဲ ပြီးချိန်မှာ ပရီးမီးယားလိဂ်က ကျွန်တော် တို့ကို ခွင့်ပြုတဲ့ အချိန် အထိ အနားယူရပါမယ်။ အဲဒီနောက် တစ်ပွဲပြီး တစ်ပွဲ၊ တစ်လပြီး တစ်လ မြင်ရမှာပါ။ ပြီးတော့ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေက ကပ်ဘေး တစ်ခုလို ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မောပန်းခဲ့တယ်။ ကလပ် ကမ္ဘာ့ဖလားက ကျွန်တော် တိုကို ဖျက်ဆီးခဲ့တယ် ဆိုတာ ကိုတော့ မသိနိုင်သေးပါဘူး။ ဒါက ကျွန်တော့် ဘဝမှာ ပထမဦးဆုံးပါပဲ။ မန်နေဂျာ တစ်ဦး အတွက် အကောင်းဆုံး အခြေအနေတော့ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရာသီသစ် ပြန်လည် စတင်ဖို့က ၆ ပတ်ကျော်သာ လိုတော့တဲ့ အချိန်မှာ မန်စီးတီးဟာ နားချိန်လည်း နည်းသွားသလို ရှုံးနိမ့်မှုကြောင့် ရခဲ့တဲ့ စိတ်ခံစားချက်တွေကို အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ မန်စီးတီးဟာ ရာသီ အဖွင့် ပွဲစဉ် အဖြစ် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရာစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.