ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး တိုက်စစ်မှူးသစ် လီယမ် ဒီလက်ပ် ကတော့ လန်ဒန် ကလပ်နဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရယူသွားလိုကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ အင်္ဂလန် လူငယ် တိုက်စစ် ကြယ်ပွင့် လီယမ် ဒီလက်ပ် ကတော့ မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီးတော့ ၂၀၂၄ ခုနှစ် နွေရာသီ ကမှ အစ်ပ်ဆွစ်ချ်ကို ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဒီလက်ပ်ဟာ အစ်ပ်ဆွစ်ချ်မှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားရာမှာ ၁၂ ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ ဒီအထဲ ကမှ ချဲလ်ဆီးက ဒီလက်ပ်ရဲ့ စာချုပ်လျော်ကြေး ပေါင်သန်း ၃၀ ကို ပေးချေကာ လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အသက် ၂၂ နှစ် အရွယ် ကစားသမားကို လာမယ့် ၂၀၃၁ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားသစ် ဖြစ်လာတဲ့ ဒီလက်ပ်က သူ့ရဲ့ ပထမဦးဆုံး အင်တာဗျူးမှာ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဒီလက်ပ်က “ကျွန်တော်က ချဲလ်ဆီးရဲ့ ပွဲတွေကို ကြည့်ရှုပြီး ကြီးပြင်းလာခဲ့သူပါ။ ကျွန်တော် ဒီအသင်းမှာ ဆုဖလား များစွာ ရယူသွားချင်ပါတယ်။ အသင်းနဲ့ စကားပြောချိန်မှာ အားလုံးက ထိပ်ဆုံးကို ပြန်ရောက်ဖို့ အလိုရှိနေတာ သိလိုက်ရပါတယ်။ ဒီလိုလုပ်နိုင်တဲ့ အရည်အသွေးနဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ အံ့အားသင့်စရာ ကောင်းတဲ့ အရာတွေ ရရှိဖို့နဲ့ အသင်း အတွက် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒီလက်ပ်က “ကျွန်တော် ရှစ်နှစ်၊ ကိုးနှစ်လောက်ကတည်းက ဘောလုံးကို အာရုံစိုက်ခဲ့တယ်။ တခြား ဘာကိုမှ မလုပ်ချင်တော့ပဲ ဖြစ်မြောက်အောင် တတ်နိုင်သမျှ လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါဟာ ရှည်လျားပြီး ခက်ခဲတဲ့ကာလ ဖြစ်ခဲ့ပေမယ့် ကျွန်တော် အမြဲတမ်း ပျော်နေခဲ့တယ်။ ကျွန်တော် ဘောလုံးကို ချစ်ပါတယ်။ ကျွန်တော်က ပရော်ဖက်ရှင်နယ် မဟုတ်ခဲ့ရင်တောင် ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကစားနေမယ့်သူပါ။ ကံကောင်း ထောက်မစွာနဲ့ ကျွန်တော် အဆင်ပြေခဲ့ပြီး အခုတော့ ချဲလ်ဆီးမှာ ရောက်ရှိနေတဲ့ အတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့်ကို ဘောလုံးပွဲတွေက စောစောစီးစီး ခံစားချက်တွေ ပေးခဲ့ပါတယ်။ ဒါက မယုံနိုင်လောက်အောင် ဖြစ်ခဲ့ပြီး ကျွန်တော် လိုချင်တဲ့ အရာ တစ်ခုပါ။ ဒါပေမယ့် လွယ်မှာ မဟုတ်ဘူး ဆိုတာ သိရပါတယ်။ အဲဒီ အတွက်လည်း ကျွန်တော် ကြိုးစားရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ ဒီလက်ပ်ဟာ ချဲလ်ဆီးမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ကျောနံပါတ် ၉ ကို ပီယား အမ်းမရစ်ခ် အော်ဘာမီယန်းက နောက်ဆုံး ဝတ်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ချဲလ်ဆီးမှာ ကျောနံပါတ် ၉ ဝတ်ဆင် ကစားခဲ့သူ မရှိခဲ့ပါဘူး။ လီယမ် ဒီလက်ပ် ကတော့ အစ်ပ်ဆွစ်ချ်တောင်း တို့ နိမ့်ပါးပြီး တန်းဆင်းခဲ့ရချိန်မှာတောင် ခြေစွမ်းပြနိုင်ခဲ့သလို ကြံ့ခိုင်မှုနဲ့ အရပ်အမောင်း ကောင်းသလို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ တိုက်စစ်မှူး ဖြစ်တာကြောင့် ပုံစံကောင်း ဆက်လက် ပြသသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.