ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် တစ်နေရာ အတွက် ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲ အဖြစ် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ဆန်းဒါးလန်းတို့ ဝင်ဘလေမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်နဲ့ အတူ အသင်းကို အင်အား ဖြည့်တင်းဖို့ အနိမ့်ဆုံး အပိုဆုကြေး ပေါင် သန်း ၂၂၀ ရရှိနိုင်မယ့် အခွင့်အရေး ဖြစ်တာကြောင့် နှစ်သင်းစလုံး အကြိတ်အနယ် ကစားခဲ့ကြပြီး ဆန်းဒါးလန်းက ကောင်းမွန်တဲ့ Comeback နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး ၄-၄-၂ အခင်းအကျင်းတွေနဲ့ပဲ ကစားခဲ့ကြတာ ဖြစ်ပါတယ်။ တစ်သင်း အမှား တစ်သင်း စောင့်ပြီး ကစားနေကြလို့ ပထမပိုင်းဟာ အနည်းငယ် ပျင်းရိဖို့ ကောင်းခဲ့ပြီး ရှက်ဖီးလ်ယူနိုက်တက် ကတောင် ဆန်းဒါးလန်း ဘက်ကို ပိုမို ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် ၂၅ မိနစ်မှာ ကမ့်ဘဲလ်က ဆန်းဒါးလန်း နောက်တန်းရဲ့ ပေါ့ဆမှုကို အခွင့်ကောင်းယူပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကြောင်နက်တို့ နောက်ကနေ အသည်းအသန် လိုက်ကစားခဲ့ရပြီး ဆန်းဒါးလန်းက ဒီနေ့ပွဲမှာ တော်တော်လေး အထနှေးနေခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း ပွဲချိန် ၃၄ မိနစ် မှာလည်း ရှက်ဖီးလ်ယူနိုက်တက်တို့ ဘာရိုးရဲ့ လှပတဲ့ ကန်ချက်နဲ့ ဒုတိယဂိုး ရခဲ့ပေမယ့် VAR က လူကျွံနေတယ် ဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။
ဆန်းဒါးလန် အနေနဲ့ အစောပိုင်း ပွဲချိန်တွေ Long Pass တွေ ကိုပဲ အဓိက အားထားပြီး ကစားခဲ့လို့ ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပြီး ကစားပုံ ကလည်း လုံးဝ အားရစရာ မရှိခဲ့ပါဘူး။ ကွင်းလယ်က ဂျုပ် ဘယ်လင်ဟမ် တစ်ဦးတည်း လှုပ်နေခဲ့ပေမယ့် အသင်းခေါင်းဆောင် နီးလ်နဲ့ တောင်ပံ နှစ်ဖက်က ရစ်ဂ်၊ မန်ဒဲလ်တို့ ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့လို့ ဆန်းဒါးလန်းတို့ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ နှစ်သင်းစလုံး လူစား အပြောင်းအလဲတွေ တောက်လျောက် ပြုလုပ်ခဲ့ချိန်မှာတော့ ပွဲက ပိုသွက်လာပြီး ကြည့်ကောင်းခဲ့ပါတယ်။ အဓိက ကတော့ ပက်ထရစ် ရောဘတ်စ် ဝင်ရောက်လာချိန်မှာ တောင်ပံက အသက်ဝင်သွားခဲ့ပြီး ဆန်းဒါးလန်းတို့ ပိုပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် ၇၆ မိနစ် မှာတော့ ပက်ထရစ် ရောဘတ်စ်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှု ကနေ မာရင်ဒါက ဆန်းဒါးလန်း အတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆန်းဒါးလန်း ကပဲ ပွဲကို ထိန်းချုပ်ပြီး အနိုင်ဂိုး ရရှိဖို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ရှက်ဖီးလ်ယူနိုက်တက် ကတော့ သိသိသာသာ ကစားအားကျသွားခဲ့ပါတယ်။
မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို ၅ မိနစ် မှာတော့ ဆန်းဒါးလန်း အတွက် အနိုင်ရရှိစေမယ့် ဂိုးကို ဝက်ဆန်က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ကစားသမားတွေရဲ့ လူပေးမှားမှုကို အခွင့်ကောင်းယူကာ ဝက်ဆန်က ဆွဲပြေးပြီး ဧရိယာ ထိပ်ကနေ ဂိုးသမားရဲ့ ဘယ်ဘက်အောက် ထောင့်ထဲကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့်ပဲ ဆန်းဒါးလန်းက ၂၀၁၇ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်ကို တကျော့ပြန် တန်းတက်လာနိုင်ခဲ့ပြီး အပိုဆုကြေး များစွာလည်း သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ညီဖြစ်သူ ဂျူပ် ဘယ်လင်ဟမ် ကိုလည်း ပရီးမီးယားလိဂ်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပြီး သေချာတာ ကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ပိုပြီး များလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဆန်းဒါးလန်း ကတော့ လိဒ်စ်ယူနိုက်တက်၊ ဘန်လေ တို့နဲ့ အတူ ပရီးမီးယားလိဂ် ဆီ တက်လှမ်းခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံး ပရိသတ်တွေ မျှော်လင့်နေတဲ့ တစ်ချိန်က ဆန်းဒါးလန်း အသင်းကို အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ် တစ်ခုမှာ ပြန်လည် မြင်တွေ့ရပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.