မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံရှစ် ပွဲစဉ်တွေ အပြီး မှာတော့ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေ တို့ဟာ ပရီးမီးယားလိဂ်ကို တိုက်ရိုက် တန်းတက်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ နှစ်သင်းစလုံး ပွဲစဉ် ၄၄ မှာ နှစ်သင်းစလုံး အနိုင်ရရှိခဲ့ပြီးတော့ အမှတ်ပေးဇယား တတိယနေရာက ရှက်ဖီးလ်ယူနိုက်တက်ကို နှစ်ပွဲ အလိုမှာ ၈ မှတ် အထိ ဖြတ်နိုင်ခဲ့တဲ့ အတွက် ပရီးမီးယားလိဂ်ကို တကျော့ပြန် တက်ခွင့်ရခဲ့ပါတယ်။
ချန်ပီယံရှစ်မှာ နှစ်ရာသီအကြာ ဖြစ်သန်းခဲ့ရတဲ့ လိဒ်စ်ယူနိုက်တက်ဟာ အယ်လန်ရုတ်ဒ်မှာ ဂျိုးလ် ပီရိုးရဲ့ သွင်းဂိုး ၄ ဂိုးနဲ့ အတူ စတုတ်ကို ၆-၀ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ခရစ္စ ဝိုင်လ်ဒါရဲ့ ရှက်ဖီးလ်ယူနိုက်တက်ဟာ ဘန်လေနဲ့ နောက်ကျ ပွဲစဉ်မှာ အနိုင်မရခဲ့ရင်တော့ ဒန်နီယယ် ဖာကီရဲ့ လိဒ်စ်က ပရီးမီးယားလိဂ်ကို ပြန်လည် ရောက်ရှိနိုင်မှာလည်း ဖြစ်ပါတယ်။
မျှော်လင့်ထားတဲ့ အတိုင်းပဲ ဘန်လေက ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် ဂျော့ရှ် ဘရောင်းဟေးလ် ကလည်း ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကပဲ လိဒ်စ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် ရဖို့ သေချာစေခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေ တို့ဟာ ၉၄ မှတ်စီ ရရှိထားတာကြောင့် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့တဲ့ အဆင့် ၃ နေရာက ရှက်ဖီးလ်ယူနိုက်တက် အနေနဲ့ အမှတ် လိုက်မမှီနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီ ကတည်းက ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းနိုင်ဖို့ နီးစပ်ခဲ့ပြီး ချန်ပီယံရှစ် play-offs ဗိုလ်လုပွဲမှာ ဆောက်သမ်တန်ကို ဝင်ဘာလေမှာ ရှုံးနိမ့်ခဲ့လို့သာ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနှစ် မှာတော့ လိဒ်စ်က ပုံစံကောင်းနဲ့ အတူ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်ခဲ့ပြီးတော့ အသင်းခေါင်းဆောင် အီသန် အမ်ပါဒူ ကလည်း ချန်ပီယံရှစ်ဖလား အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။
အမ်ပါဒူက Sky Sports နဲ့ အင်တာဗျူးမှာ “အရမ်း ဂုဏ်ယူပါတယ်။ အပြုသဘောဆောင်တဲ့ အချက်တွေ အများကြီးပါ။ အောင်ပွဲခံနေတာတွေက အံ့သြလောက်အောင်ပါပဲ။ ကျွန်တော်တို့ ဒီအတွက် တစ်နှစ်လုံး ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ ဒီအောင်မြင်မှုကို မမှုန်ဝါးစေချင်ဘူး။ ကျွန်တော်တို့ ရယူချင်တဲ့ နောက်ထပ် ပန်းတိုင် တစ်ခု ရှိပါသေးတယ်။ ဒီတော့ ဒီညကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းပြီးရင်း အားလုံးကို အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

လိဒ်စ်ဟာ မတ်လ အစပိုင်းကစလို့ ခြေစွမ်းပိုင်း ယိမ်းယိုင်ခဲ့ပြီးတော့ ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် play-off တစ်နေရာ ရဖို့ ထပ်မံ ကြိုးစားရမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လိဒ်စ်က နောက်ဆုံး ၄ ပွဲဆက် အနိုင်ရရှိခဲ့ပြီး ရာသီမကုန်ခင်မှာပဲ ပရီးမီးယားလိဂ်ဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လိဒ်စ်ဟာ ချန်ပီယံရှစ်ရဲ့ သွင်းဂိုး အများဆုံး အသင်း ဖြစ်ပြီး ၈၉ ဂိုး အထိ ရရှိခဲ့ပါတယ်။ စကော့တ် ပါကားရဲ့ ဘန်လေ ကတော့ တိုက်စစ်က ဂိုးသွင်းအား မကောင်းခဲ့ပေမယ့် ခံစစ်ပိုင်းက တောင့်တင်းခဲ့ပြီး တစ်ရာသီလုံးမှ ၁၅ ဂိုးသာ ခွင့်ပြုထားပါတယ်။
ဘန်လေဟာ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရပြီးနောက် ၃၁ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းကာ ပရီးမီးယားလိဂ်ကို တစ်ရာသီ အကြာမှာပဲ တန်းပြန်တက်နိုင်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဘန်လေ အသင်းခေါင်းဆောင် ဘရောင်းဟေးလ်က “ကျွန်တော် တို့ကို အကြိမ်ပေါင်း များစွာ လျှော့တွက်ခဲ့ကြတယ်။ လူတွေက ကျွန်တော်တို့ကို ငြီးငွေ့စရာ ကောင်းတယ်လို့ ဝေဖန်ခဲ့ကြတယ်။ ကျွန်တော် တို့က ငြီးငွေ့ဖွယ် ကောင်းတဲ့ ကစားဟန်နဲ့ပဲ ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
နည်းပြ စကော့တ် ပါကား ကတော့ ဖူလ်ဟမ်နဲ့ ဘုန်းမောက် တို့ကို တန်းတင်ပေးခဲ့ဖူးသူ ဖြစ်ပြီး ဘန်လေနဲ့ ဆိုရင်တော့ ၃ သင်းမြောက် အဖြစ် ပရီးမီးယားလိဂ်ဆီ တန်းတင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပါကားက “ဒါက အရာအားလုံးပါပဲ။ ဒီနှစ် အစမှာ တန်းတက်ဖို့ ရည်မှန်းချက်ထားခဲ့တယ်။ ရာသီအစောပိုင်းမှာ အတက်အကျတွေ အများကြီး ရှိခဲ့ပြီးတော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခရီးက မယုံနိုင်စရာပါပဲ။” လို့ ဆိုရပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ချန်ပီယံရှစ် အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းသွားပြီး တတိယနေရာမှာ သေချာပေါက် ရပ်တည်နိုင်မှာ ဖြစ်သည့် တိုင်အောင် play-offs ကနေ တဆင့် ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ ဆက်လက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ သင်္ချာ နည်းအရ Play-offs အတွက် မျှော်လင့်ချက် ရှိနေတဲ့ ကလပ် ၈ သင်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.